ဆားလင်းကြီး ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာရှိ လယ်ယာမြေဧက ၅၀၀မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့အချိန်မီ ရောက်ရှိစေရေးရည်ရွယ်၍ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေကျော်တစ်ခုတည်ဆောက်လျက်ရှိရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။

ကျွန်းဖိုပင်ကျေးရွာကုန်ထုတ်လမ်း အရှည် ၁မိုင် ၆ ဒသမ ၅ဖာလုံ၊ အကျယ် ၁၅ပေ၊ ဒု မြေသား ၁ပေ ဂျင်း ၉ လက်မခင်းခြင်းလုပ်ငန်းနှင့် အရှည် ပေ ၂၀၊ အကျယ် ၁၅ပေ၊ ဒု ၆လက်မရှိ ရေကျော်တစ်ခု တည်ဆောက်ခြင်း လုပ်ငန်းများအား၂၀၂၀- ၂၀၂၁ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၅သန်းဖြင့် တင်ဒါအောင်မြင်သော Toe Tat Htay ကုမ္ပဏီမှ ယခုနှစ် ဇန်နဝါရီလအတွင်းကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သောကြောင့် ကျေးရွာရှိအိမ်ခြေ ၁၁၀ မှ လူဦးရေ ၅၅၀ တို့၏လယ်ယာမြေဧက ၅၀၀မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့အချိန်မီ ရောက်ရှိတော့မည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညီညီဝင်း က ပြောပြသည်။

အဆိုပါ ကုန်ထုတ်လမ်းနှင့်ရေကျော်တည်ဆောက်ပြီးစီးမှုအား ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝင်းနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ၊ ကျေးရွာကုန်ထုတ်လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်ထုတ်လမ်းနှင့် ရေကျော်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။

ငြိမ်းသူ