ဘားအံ ဇူလိုင် ၂၉
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၂၈ ရက်က ဂျိုင်း(ကော့ကရိတ်)ပွန်တွန်းတံတား ရေကျော်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေဘေးရှောင်အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာတွင် ဂျိုင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံပြီး အနိမ့်ပိုင်းရှိ လူနေအိမ်များ ရေဝင်ရောက်သည့်အတွက် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ရသည့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု (၁၂)စုအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားကာ အိမ်ထောင်စုများနှင့် Volunteer များအတွက် ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘားအံ-ကော့ကရိတ်-မြဝတီ အဓိကကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂျိုင်း(ကော့ကရိတ်)ပွန်တွန်းတံတား ရေကျော်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်လမ်းဦးစီးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါပွန်တွန်းတံတားနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုဗစ်ကာလဖြစ်သည့်အတွက် တစ်ဖက်နိုင်ငံမှ အောက်စီဂျင်အိုးများနှင့် ကာကွယ်ရေးပစ္စည်းများ မှာယူတင်သွင်းပြီး လိုအပ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပို့ဆောင်ရာတွင် အသုံးပြုသည့် အဓိကကုန်သွယ်ရေးလမ်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရန် ဆောင်ရွက်ကြရန်နှင့် မည်သည့် နည်းလမ်းဖြင့်မဆို အချိန်မရွေး သွားလာနိုင်စေရန် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထက်တန်း ကျောင်းတွင် ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသော ရေဘေးရှောင်အိမ်ထောင်စု(၃၀၀)ခန့်အား သွားရောက်တွေ့ဆုံအားပေးပြီး ဆန်၊ ဆီ၊ ကြက်သွန် အစရှိသည့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ ရေဘေးရှောင်ပြည်သူများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


