ချောင်းဆုံ ဇူလိုင် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာနှင့်ကဒါကျေးရွာတို့တွင် ဇူလိုင် ၂၆ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုဘေးခံစားရသည့် နေအိမ်(၉)အိမ်အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် နံနက်(၁၀)နာရီက ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ရာ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြေပြိုဘေးဒဏ်ခံရသည့် အိမ်ထောင်စုဝင်များ တက်ရောက်ကြသည်။
အလှူငွေထောက်ပံ့ရခြင်းအတွက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ပေါင်းစပ်ကြီးကြပ်ပြီး မော်လမြိုင်မြို့မှ အလှူရှင်များက မြေပြိုဘေးနှင့်ပတ်သက်ပြီး အိမ်ထောင်စုဝင်များ အဆင်ပြေစေရေးအတွက် လာရောက် လှူဒါန်းပေးခဲ့သည့် ငွေသိန်း(၁၂၀)ကိုယခုလိုလာရောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါငွေအား ဘေးဒုက္ခခံစားနေရသည့် ကွမ်ရိုက်ကျေးရွာမှ (၇)အိမ်၊ ကဒါကျေးရွာမှ(၂)အိမ်၊ ပေါင်း (၉)အိမ်အတွက် ကျေးရွာမှ တာဝန်ရှိသူများက စနစ်တကျခွဲဝေပြီး စီမံထောက်ပံ့ပေးသွားရန်၊ နောက်ထပ်အလှူငွေထပ်မံရရှိရေးအတွက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆက်လက်၍ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မြေပိမိနေသည့် အိမ်ခြေများအား စက်ယန္တရားဖြင့် ဖော်ထုတ်နိုင်ရေးကို သက်ဆိုင်ရာဌာနမှ ကူညီဆောင်ရွက်ပေးရန် မှာကြားထားပြီး ယခုလက်ရှိတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်းက ပြောသည်။
ဆက်လက်၍ အလှူရှင်များကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ထောက်ပံ့ငွေပေးအပ်ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဘေးဒုက္ခခံစားနေရသည့် အိမ်ထောင်စုဝင်များအား အဆိုပါ ငွေများကိုပြန်လည်ပေးအပ်ခဲ့ပြီး၊ အလှူငွေအားမွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ငွေကျပ်(၅)သိန်း၊ Myanmar Lighting (IPP) ကုမ္ပဏီမှ သိန်း(၅၀)၊ မွန်စီကုမ္ပဏီမှ (၁၀)သိန်း၊ သံလွင်မြေကုမ္ပဏီမှ (၅)သိန်း၊ အားမာန်ဖြိုးကုမ္ပဏီမှ (၅)သိန်း၊ မွန်မင်းလမ်းအားကစားကွင်းအပန်းဖြေဥယျာဉ်မှ (၄၅)သိန်း၊ စုစုပေါင်းသိန်း(၁၂၀)အား ထောက်ပံ့လှူဒါန်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)


