မကွေး ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးနှင့် မကွေးတပ်နယ်မှူးတို့ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က တက်ရောက် လမ်းညွှန်မှာကြားသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး နယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် အောက်ခြေမှ လိုအပ်ချက်များ ယခုထက်ပို၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ကောင်စီဝင်(၅)ဦးတို့အား ခရိုင်များအလိုက် ခွဲဝေတာဝန်ပေးအပ်ပြီးဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ကော်မတီများ အနေဖြင့် မိမိခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ Test Kit ဖြင့် စစ်ဆေးမှု၊ ရောဂါပိုးတွေ့ရှိသူများအား စင်တာများတွင် ထားရှိနိုင်ရေး ဆောင်ရွက်မှု၊ ထိစပ်သူများအား သီးခြားထားရှိနိုင်ရေးဆောင်ရွက်မှု၊ ရောဂါပိုး တွေ့ရှိသူများအတွက် လိုအပ်သော ဆေးဝါးများ ဦးစားပေးနိုင်ရေး၊ စင်တာများတွင် တက်ရောက် ကုသနေသော လူနာများအတွက် ထောက်ပံ့ကာကွယ်ရေးပစ္စည်းများဖြစ်သည့် Mask၊ Face Shield၊ လက်အိတ်၊ လက်သန့်ဆေး၊ death body သယ်ဆောင်သည့်အိတ်များ ပြည့်စုံစွာ စီစဉ်ဆောင်ရွက် ထားနိုင်ရေး အခြေအနေများအားလည်းကောင်း၊ ကူညီဆောင်ရွက်ပေးနေကြသည့် လူမှုကူညီရေး အဖွဲ့အစည်းများ၊ Volunteer များအား အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်ချက်များအား ဖြည့်စွက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌက တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက် သွားကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြု လူနာပေါင်း (၁၀၀၄၃)ဦးရှိခဲ့ပြီး၊ ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရရှိသူ(၂၅၆၇)ဦးနှင့် သေဆုံးသူပေါင်း(၂၃၃)ဦးရှိကာ တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ အသီးသီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူနေသူ(၇၂၄၃)ဦး ရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီဌာန မှတ်တမ်းများအရ သိရသည်။
မောင်ညီညာ(မကွေး)


