မန္တလေး ဇူလိုင် ၃၀
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် ရှိသူများအား ယနေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံပေးသည်။
အဆိုပါမြို့နယ်တွင် ဇူလိုင် ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၈ ရက်အထိ အသက် ၆၅ နှစ်နှင့်အထက်ရှိသူ ၃၅၇ ဦးကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရာ ယနေ့နံနက် ၈ နာရီမှစတင်၍ အသုတ်လေးသုတ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးကြသည်။
ယခုကဲ့သို့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍ အမရပူရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟံစိုးက “ကာကွယ်ဆေးထိုးနှံဖို့အတွက် တစ်ရက်ကြိုတင်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အသက် ၆၅ နှစ်ပြည့်တဲ့သူတွေကို တိုကင်တွေ၊ ဖိတ်စာတွေပေးပါတယ်။ နောက်ရက်မှာတော့ ဆေးရုံကြီးမှာ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒီနေ့အတွက်ဆိုရင် ဆေးထိုးနှံဖို့အတွက် တိုကင်တွေ ၁၅၅ ဦး ဖြန့်ပြီးဖြစ်ပါတယ်။ ဆေးထိုးနှံပြီးတဲ့အခါမှာ ဆေးနဲ့ ဓာတ်မတည့်တဲ့ အခြေအနေတွေတော့မတွေ့ရသေးပါဘူး။ ကာကွယ်ဆေးထိုးဖို့ အတွက် အုပ်စုတွေ ခွဲဖို့ရှိပါတယ်။
အုပ်စုတွေထဲမှာ ပါဝင်တဲ့ပရဟိတအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေကို ထိုးပေးမယ်။ ပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း ၊ မှာရှိတဲ့ အလုပ်သမားတွေပါမယ်။ သာသနာ့ဝန်ထမ်းတွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ၊ ဆရာတော်၊ သီလရှင်တွေပါမယ်။ ဆေးရုံ၊ အလုပ်ရုံက အလုပ်သမားတွေဆိုပြီး ခွဲထားပါတယ်။ ဒါတွေကိုမကြာခင်ကာလမှာ ဆေးထိုးဖို့အတွက် စီမံဆောင်ရွက်နေတာ ရှိပါတယ်။ ဒါကြောင့် မြို့နယ် ၊ ဆေးရုံကြီးနဲ့ ဆက်သွယ်ပြီး ဆေးထိုးနှံပေးကြဖို့ ပြောလိုပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ထိန်းချုပ်နိုင်ဖို့ အတွက်က ပြည်သူပါဝင်မှရမှာပါ။ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ၊ လိုက်နာပြီး နေထိုင်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဦးမောင်ကြိုင်က “အခုလို ကာကွယ်ဆေးထိုးနှံပေးဖို့ ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုကျေးဇူးတင်ရှိပါတယ်။ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်းကလည်း များပြားလာတော့ ဒီလိုကာကွယ်ဆေးထိုးနှံခွင့်ရတာ ဝမ်းမြောက်မိပါတယ်။ ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေအနေနဲ့လည်း ထိုးခွင့်ရတဲ့အချိန် မပျက်မကွက် ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ကပ်ရောဂါကြီးလည်း အမြန်ဆုံး ပပျောက်သွားဖို့ ဆုတောင်းနေပါတယ်”ဟု ၎င်းကပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ရှိသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်တစ်မြို့နယ်လျှင် စုရပ် လေးနေရာခွဲ၍ တစ်ရက်လျှင် စုရပ်တစ်ခုစီ၌ လူဦးရေ ၅၀အထိ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာပါက ဆက်လက်တိုးမြှင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်အေးချမ်း


