ကျိုင်းတုံ ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက်(၆၅)နှစ် အထက်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက/အစိုးရ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးခြင်းဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၆၇၃၅ ဦးနှင့် Sinopharm ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၉၇၃ ဦး စုစုပေါင်း ၃၈၀၇၀၈ ဦးထိုးနှံပြီးဖြစ်ကာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား Sinopharm ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


