ဟိုပုံး ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် မြိုပေါ် (၆)ရပ်ကွက်ရှိ အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင် ထိုးနှံပေး ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှုကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များက အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုယ်ရေးမှတ်တမ်း ကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ Oximeter တိုင်းတာခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်တို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းတို့ကို နှာခေါင်းစည်း Mask အခု ၁၀၀၀၀နှင့် Oximeter ရှစ်ခု ထောက်ပံ့ပေးအပ်သည်။
ဟိုပုံးမြို့နယ်အတွက် ရရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ၁၂၅၁ လုံးအား ဦးစီးပေးအစီအစဉ်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့ထိုးနှံပေးသည့် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများအနေဖြင့် ဩဂုတ် ၂၈ ရက်တွင် ဒုတိယအကြိမ် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ဟိုပုံး(ပြန်/ဆက်)


