မုဒုံ    ဇူလိုင် ၃၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် ဆရာတော် သံဃာ တော်များနှင့် ဒေသခံပြည်သူများကို ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက ကာကွယ်ဆေး ထိုးနှံပေးသည့် စုရပ် ခြောက်နေရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို တစ်ပြိုင်နက်တည်း စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းကို အသက် ၆၅ နှစ်နှင့်အထက် ဆရာတော် သံဃာတော်များ၊ ဒေသခံပြည်သူများ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင် ရေးဝန်ထမ်းများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများကို သတ်မှတ်ရက်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ စုရပ်တစ်နေရာတွင် တစ်ရက်လျှင် လူ ၅၀ မှ ၁၀၀ အထိ  ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကျန်မားရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မုဒုံမြို့နယ်တွင် ဇူလိုင် ၂၉ ရက်က မုဒုံမြို့ သာသနာ့ဗိမာန်၊ ကော့ခပုံကျေးရွာရှိ ဓမ္မာရုံ၊ ကော့ပရံကျေးရွာရှိ ဓမ္မာရုံ၊ တံခွန်တိုင်ကျေးရွာရှိ ဓမ္မာရုံ၊ ကမာဝက် ခြင်္သေ့ကျောင်းနှင့်  ကလော့သော့ကျေးရွာရှိ ဓမ္မာရုံ စသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စုရပ် ခြောက် နေရာတွင် ၃၆၂ ဦးကို ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)