သီပေါ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့တော်ခန်းမတွင် ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက် ၁၁ ရပ်ကွက်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား စတင်ထိုးနှံပေးလျက်ရှိကြောင်း၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများရှိသည့် ဆောင်ကြဲ၊ ဘော်ကြို၊ နမ့်လန်စသည့် ကျေးရွာများတွင်လည်း တစ်ပြိုင်တည်း ထိုးနှံပေး လျက်ရှိကြောင်း၊ သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေးမထိုးနှံရသေးသော နိုင်ငံ့ ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ငန်းများမှ ပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသော စုရပ်များသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်း၊ နောက်ရက်များတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(ပြန်/ဆက်)