မိုင်းပျဉ်း ဇူလိုင် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ပေါ် (၃)ရပ်ကွက်ရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက အောက်စျေးတန်းရပ်ကွက်၊ ဓမ္မာရုံတွင် တပ်မတော်သားဆရာဝန်များနှင့် တာဝန်ရှိသူများက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်စီဂျင် ပါဝင်မှုပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ပြီး၊ မြို့ပေါ်(၃)ရပ်ကွက်ရှိ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများနှင့် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့ဝင်များ၊ အကျဉ်းသား၊ အချုပ်သားများအား ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသော တုံတာမြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာများ၌လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အုပ်စုခွဲ၍ ဇူလိုင် ၃၁ရက်မှစ၍ ထိုးနှံပေးသွားမည်ဖြစ်သည်။ မိုင်းပျဉ်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ခုနစ်ခုနှင့် ကျေးရွာအုပ်စု ၂၄ အုပ်စုတို့တွင် လူဦးရေ ၁၂၀၀ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)


