တန့်ယန်း    ဇူလိုင် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှ စတင်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ စတင်ထိုးနှံပေးသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရီရီထွေးတို့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများအား ထိုးနှံပေးကြရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းတွင် လာရောက်ထိုးနှံသူများအား လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ဆေးထိုးပြီးပါကလည်း မိနစ် ၃၀ ခန့် စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ ၃၉၄၁ ဦးရှိပြီး ယခုအကြိမ်တွင် ဆေးခွဲတမ်းရရှိမှုအပေါ်မူတည်၍ အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၊ မန်ကတ်တိုက်နယ်ဆေးရုံ၊ မိုင်းပတ်ကျေးလက်ကျန်းမာရေးဌာန၊ မိုင်းကောင်တိုက်နယ်ဆေးရုံ၊  မန်ပန်တိုက် နယ်ဆေးရုံနှင့် နောင်ဖါကျေးရွာ စသည့်စုရပ်ဇုံနယ်မြေ ခုနစ်ခုတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)