ကြံခင်း ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ဇူလိုင် ၃၀ ရက်  နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးမထိုးမီ ဘိုးဘွားများအား အပူချိန်တိုင်းခြင်း၊  သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ကြံခင်းမြို့ပေါ် ရပ်ကွက် သုံးခုအား ဦးစားပေးအဖြစ်ပထမအကြိမ် ကာကွယ်ဆေးစတင်ထိုးနှံရာ မြို့မရပ်ကွက်မှ ဘိုးဘွားများကို မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းတွင်လည်းကောင်း၊ ရွာသစ်ရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက်ရှိ ဘိုးဘွားများကို ရွှေပြည်အေး (၁၁)ထပ်ဘုရားတန်ဆောင်းတွင်လည်းကောင်း ကာကွယ်ဆေးထိုးစုရပ် နှစ်ခုခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၅ အုပ်စုရှိရာ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်ရှိ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဦးစားပေးထိုးနှံပေးခဲ့ရာ  ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပထမအကြိမ် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဘိုးဘွား ၂၄၅ ဦး ထိုးနှံပေးခဲ့ပြီး  ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)