မောက်မယ် ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယခင် လူနာနံပါတ်(၁)နှင့် ထိစပ်ထားသည့် ပုဂ္ဂိုလ်များအား PCR ဖြင့် ဇူလိုင် ၂၈ ရက်က တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ပေးပို့စစ်ဆေးခဲ့ရာ စျေးတန်းရပ်ကွက်တွင် အတည်ပြုလူနာ အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦးနှင့် မောက်မယ် ပြည်သူ့ဆေးရုံတွင် RDT Test Kit ဖြင့် ဇူလိုင် ၃၀ ရက်တွင် ထပ်မံစစ်ဆေးရာ ကုန်းလမ်းရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသား တစ်ဦး ၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ကိုးဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
ထပ်မံတွေ့ရှိသော အတည်ပြုလူနာ ကိုးဦးကို မောက်မယ်မြို့နယ် နမ့်ယွမ်းခန်းမ Positive Centre တွင် ထားရှိပြီး လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကာ ၎င်းနှင့်ထိစပ်ထားသည့် ပုဂ္ဂိုလ်များအား ထပ်မံစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မောက်မယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိိသည့် အတည်ပြုလူနာပေါင်း ၃၉ ဦးရှိကာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၁၃ ဦးနှင့် ထပ်မံဆေးကုသမှုခံယူသူ အတည်ပြုလူနာ ၂၃ ဦးအား လိုအပ်သောအကူအညီများအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)


