ဟားခါး ဇူလိုင် ၃၀
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်မှ ကျန်ရှိသည့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုကို ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်နှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြည့်ရှုအားပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံပေးသည့်အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်သည်။
ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတို့မှ ကျန်းမာရေးဝန်ထမ်းများ ၊ တပ်မတော်အထူးကုဆရာဝန်များ ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ ဆေးမထိုးရအုပ်စု မှန်၊ မမှန် စိစစ်ခြင်း၊ ကာကွယ်ဆေးထိုးပြီးပါက မိနစ် ၃၀ ကြာ စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက်တွင် ဆေးထိုးစုရပ်နှစ်နေရာ၌ ကိုဗစ်−၁၉ ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း ၂၇၃ ဦး ထိုးနှံပေးခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မြို့တော်ခန်းမ၌ ၁၉၁ ဦးနှင့် ထန်တလန်မြို့ တီဘီစီဘုရားကျောင်း ဆေးထိုးစုရပ်တွင် လူဦးရေ ၁၄၅ ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


