မြို့သစ် ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ခွင့်ပြုရန်ပုံငွေကျပ် တစ်ရွာလျှင် ၁၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာ ၁၄ ရွာမှာ ညောင်ကိုင်း၊ ညောင်ငုတ္တို၊ သဘွတ်ကုန်း၊ ထနှောင်းကွင်း၊ ဆည်ရွာ၊ ကွင်းရွာ၊ ငွေလေး၊ ထလင်းကုန်း၊ အိုင်သာ၊ အိုင်တို(တ)၊ ဖိုကြီး၊ ကိုင်း(န)၊ တယ်ပင်စမ်း၊ ထုံးဘိုကျေးရွာများဖြစ်ပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများအား ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း VDP ခွင့်ပြုရန်ပုံငွေကျပ် ၁၄၀ သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၄ ဒသမ ၁၉၂ သန်း စုစုပေါင်း ငွေကျပ် ၁၄၄ ဒသမ ၁၉၂ သန်းဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ် မတ်လအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

 

မြို့သစ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၇ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်ထံမှ သိရသည်။

သော်သော်(နတ်မောက်)