ဗန်းမော်     ဇူလိုင်    ၃၁

 

ကချင်ပြည်နယ် ဗန်းမော်မြို့ အကျဉ်းဦးစီးဌာန၊ ဗန်းမော်အကျဉ်းထောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇူလိုင် ၃၁ ရက် နံနက် ၈ နာရီခွဲက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသားနှင့် အချုပ်သား စုစုပေါင်း (၆၁၀)ဦးတို့အား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အကျဉ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရဲထွဋ်နှင့် ဝန်ထမ်းများက ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းမှ ဆေးအဖွဲ့များတို့နှင့်ပူးပေါင်း၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးနေသည့် နေရာသို့ ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ယင်းနောက် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများတို့အား မိုးမောက်မြို့နယ်ပြည်သူ့ဆေးရုံ၌  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးနေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)