မုဒုံ    ဇူလိုင်    ၃၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ဘိုးဘွားရိပ်သာရှိ သက်ကြီးရွယ်အိုများ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ယနေ့မွန်းလွဲ ၂ နာရီက ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း များက ကာကွယ်ဆေးမထိုးမီ  အဘိုးအဘွားများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်တိုင်းတာခြင်း၊ အောက်ဆီဂျင်တိုင်းတာခြင်း စသည့်ကျန်းမာရေးခြေအနေ များကို စစ်ဆေးပြီး ပုံမှန်အခြေနေရှိမှသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။ မုဒုံမြို့နယ်ဘိုးဘွားရိပ်သာ၌ အဘိုးရှစ်ဦးနှင့် အဘွား ၁၄ ဦးအပါအဝင် စုစုပေါင်း ၂၂ ရှိပြီး ၎င်းတို့အားလုံးကို   ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြကြောင်း   သိရသည်။

မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဇူလိုင် ၂၉ ရက်မှ စ၍ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးပိုင်းများနှင့် နိုင်ငံဝန်ထမ်းများကို ထိုးနှံပေးခဲ့ရာ ဇူလိုင် ၃၀ ရက်ထိ လူဦးရေ ၉၈၂ ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောကြား သည်။

အောင်မျိုးသူ(ပြန်/ဆက်)