ဂန့်ဂေါ သြဂုတ် ၁

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၄၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာ ၁၄ ရွာမှာ လက်ပန်၊ ကျွဲနန်း၊ တောင်လယ်၊ ရှဉ်းရှည်၊ အနောက်ဂန့်ဂေါ၊ မကျည်းခင်၊ ကြက်ရိုး၊ ခေါင်းတင်၊ လီလင်း၊ ဝင်ဝ၊ တောင်လုံး၊ ပေါ်လယ်၊ လုံခြုံ၊ ဝက်ချီပါ ကျေးရွာများဖြစ်ပြီး လျှပ်စစ်မီးရရှိရေးလုပ်ငန်း ငါးခု၊ ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း နှစ်ခု၊ ကျေးရွာတွင်း မြေနီကျောက်စရစ်လမ်း ခင်းခြင်းလုပ်ငန်း ခုနစ်ခု၊ သောက်သုံးရေ ရရှိရေးလုပ်ငန်း တစ်ခုတို့ကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၄၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ ကျပ်သိန်း ၂၀၀ ကျော် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း ၁၆၀၀ ကျော်ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် ယခုနှစ်မတ်လအတွင်း စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဂန့်​ဂေါမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ်အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၂ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ထွေးထံမှ သိရသည်။

 

ငြိမ်းသူ

 

mdn