ပဲခူး ဩဂုတ် ၁
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဩဂုတ် ၁ ရက် နံနက် ၁၀ နာရီက ပဲခူးမြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိ စာသင်တိုက်သို့ ရောက်ရှိခဲ့ပြီး ပဓာနနာယက ဆရာတော်အား ဖူးမြော်ကန်တော့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဘူးများ လှူဒါန်းခဲ့ပြီး ကျောင်းတိုက်အတွင်း သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ လိပ်ပြာကန် သီလရှင်စာသင်တိုက်သို့ ရောက်ရှိခဲ့ရာ သီလရှင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား ကြည့်ရှုအားပေးပြီး တိုက်အုပ်သီလရှင်ဆရာကြီးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask နှင့် Hand Gel ဘူးများ လှူဒါန်းခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း (ပဲခူးတိုင်းဒေသကြီး) မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည် (၇၅) လီတာအား လာရောက်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည်များအား တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ခံစားနေရသူများ သောက်သုံးရန်အတွက် မြို့နယ်များရှိ ကုသရေးဆေးရုံများသို့ တိုက်ရိုက်လွှဲပြောင်း ပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် မှာယူထားသည့် Oxygen Concentrator အလုံး (၂၈၀) လုံးအနက်မှ ပထမအသုတ်ဖြစ် ရောက်ရှိလာသည့် Oxygen Concentrator (၂၀) လုံးအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာသီဟထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၈) မြို့နယ်တွင် သတ်မှတ်စုရပ်နေရာများ၌ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဇူလိုင် ၂၉ ရက် နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၃၁ ရက်အထိ ဘုန်းကြီး/ သီလရှင်/ ဘာသာရေးကျောင်းများ၊ အသက်(၆၅)နှစ်အထက် အဘိုး/ အဘွားများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း/ ပရဟိတအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းများနှင့် ဈေးရောင်းချသူများ စုစုပေါင်း (၂၇၈၈၉) ဦးတို့အား ထိုးနှံပေးပြီးဖြစ်ကာ ဆက်လက်၍လည်း နေ့စဉ် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်စီစဉ်ထားသည့် ဦးစားပေး အစီအစဉ်အတိုင်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


