စစ်တွေ ဩဂုတ် ၁
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ကို ပထမကြိမ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စစ်တွေမြို့၌ ကာကွယ်ဆေးထိုးနှံနေမှုအား သွားရောက်လှည့်လည်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောက်သီးစု ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် (၆၅) နှစ်နှင့်အထက်ရှိသော အဘိုးအဘွားများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသည့် အဘိုးအဘွားများအား ကာကွယ်ဆေးထိုးနှံပေးနေမှု၊ ဆေးထိုးပြီး ခေတ္တနားနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကြသည်။
ယင်းနောက် ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာကြသော အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကူညီဆောင်ရွက်နေကြသော မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားကာ ဆေးထိုးနှံပြီးသော အဘိုးအဘွားများအား ကျောင်းကားများဖြင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အမှတ်(၂) အခြေခံပညာ အထက်ကျောင်း၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း (မင်းဂံ) နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတို့တွင် ထိုးနှံပေးလျက်ရှိပြီး ဩဂုတ် ၂ ရက်တွင် အဆိုပါနေရာ ၄ ခုအပြင် ပါဒလိပ်ကျေးရွာရှိ လူငယ်စင်တာတွင်လည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် အသက် (၆၅) နှစ်နှင့်အထက် အဘိုးအဘွားများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)