ကျောက်ကြီး သြဂုတ် ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြောင့် စစ်တောင်း မြစ်ကမ်းရေကြီး ရေလျှံမှုမဖြစ်ပေါ်စေရေး သြဂုတ် ၂ ရက် နံနက်ပိုင်းက မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကျောက်ကြီးမြို့နယ်၌ နှစ်စဉ်မိုးရာသီရောက်တိုင်း စစ်တောင်းမြစ်ရေမြင့်တက်ပြီး ကမ်းပါးပြိုကျမှု၊ ကျေးရွာများတွင် မြစ်ရေဝင်ရောက်၍ ရေကြီးနစ်မြုပ်မှု၊ ကျောက်ကြီးမြို့ ချောင်းရေကြီးပြီး အနိမ့်ပိုင်းနေ အိမ်ထောင်စုဝင်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျှက်ရှိသည့်အတွက် သဘာဝဘေး အန္တရာယ် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်း ဦးဆောင်သည့် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များမှ နတ်သံကွင်းဒေသ စစ်တောင်းမြစ်ကမ်းပါးနှင့် စစ်တောင်းမြစ်ရေ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုပြုလုပ်ခြင်း၊ စစ်တောင်းမြစ်ရေအမှတ် ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ် (၁၂၀၀) စင်တီမီတာ၊ အန္တရာယ်ရေအမှတ် (၁၂၇၀) စင်တီမီတာ ရှိပြီး၊ လက်ရှိတွင် စစ်တောင်းမြစ်ရေအမှတ် (၈၁၀) စင်တီမီတာ ရှိ၍ စိုးရိမ်စရာအခြေအနေမရှိသေးကြောင်း မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ မှ သိရသည်။
ကိုသားကြီး( ကျောက်ကြီး)


