ကော့သောင်း၊ သြဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား သြဂုတ်လ ၂ ရက် နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကုတင်(၁၀၀) တပ်မတော်ဆေးရုံ ဆေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိ သူများ၊ ကြက်ခြေနီနှင့် လူမှုကူညီရေးအဖွဲ့များမှ လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးလျက်ရှိသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဇွန်လအတွင်းက ပထမအကြိမ်အဖြစ် သံဃာတော်နှင့်သီလရှင်များ၊ သက်ကြီး ရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်အသက်(၁၈)နှစ်နှင့်အထက် မြို့နေ ပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ယခုဒုတိယအကြိမ်အဖြစ် ဇူလိုင်လ၃၁ရက်နေ့ကစတင်ထိုးနှံပေးရာတွင် ရရှိသည့် ကိုဗစ်၁၉ကာကွယ်ဆေးSinopharm အလုံး(၂၁၅၀)ဖြင့် တစ်လုံးလျှင် လူ(၂)ဦး နှုန်းဖြင့် လူဦးရေ(၄၃၀၀)အား ထိုးနှံပေးရန် စီစဉ်ထားပြီး ယနေ့ တတိယနေ့ဆေးထိုးနှံပေးမှုအဖြစ်နံနက်ပိုင်းတွင် အဏ္ဏဝါရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား စနစ်တကျ ထိုးနှံပေးလျှက်ရှိပြီး ဆက်လက်၍ညနေပိုင်းတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးစဉ်က ကျန်ရှိသည့် ရဟန်းသံဃာတော်ကြီးများ၊ သီလရှင်များ နှင့်အခြားဘာသာ အသီးသီးမှ သက်ကြီးရွယ်အိုဘာသာရေးခေါင်းဆောင်များအားဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)


