နေပြည်တော် ဩဂုတ် ၂
နေပြည်တော်ကောင်စီနယ်မြေအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း သက်ဆိုင်ရာ မြို့နယ်များအလိုက် စုရပ်နေရာများခွဲ၍ ဉီးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်များအလိုက် ကာကွယ်ဆေး ဆက်လက်ဆေးထိုးနှံပေးသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသည့် မြို့နယ်များအလိုက် နံနက်ပိုင်းမှစတင်၍ စုရပ်နေရာများဖြစ်သော အခြေခံပညာ အထက်တန်းကျောင်းများ၌ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေကြသည့် ကာကွယ်ဆေး မထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်/ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ စူပါမားကက်များ/ ဈေးများမှ စည်ပင်သာယာ ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆေးထိုးနှံပေးသည်။

ယင်းကာကွယ်ဆေးထိုး လုပ်ငန်းများကို ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင် အခြေခံ ပညာအထက် တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ မင်းကုန်းအခြေခံ ပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဇမ္မူသီရိ မြို့နယ်အတွင်းရှိ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံသည့်နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကာကွယ်ဆေး ထိုးနှံမည့်ပြည်သူလူထု သိရှိထားရမည့် အချက်အလက်များကို ကာကွယ်ဆေးလာရောက်ထိုးနှံသူများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲကြေညာထားသည်ကိုလည်း တွေ့ရသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်း ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြောင်းသိရှိရသည်။
ထို့ပြင် ကာကွယ်ဆေး ထိုးနှံပြီးသူများ နာရီဝက်နားနေနိုင်စေရန် နားနေခန်းများ စီစဉ်ဆောင်ရွက်ထားပေးခြင်း၊ အနားယူနေစဉ်အချိန်အတွင်း ရုတ်တရက် ကျန်းမာရေး ချို့ယွင်းလာပါကလည်း လိုအပ်သည်များ ကုသပေးနိုင်ရန် အဆင့်သင့်ဆောင်ရွက်ပေးခြင်းနှင့် ဆေးလာရောက် ထိုးနှံသူများ၏ ကျန်းမာရေးသာမက လုံခြုံရေးအတွက်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပေးထားသည်။
ကာကွယ်ဆေးထိုးနှံမည့်ကာလကို ဩဂုတ် (၁) ရက်မှ (၄) ရက်အထိ ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်း သီတင်းပတ်အဖြစ် လျာထားသတ်မှတ်ထားပြီး ဦးတည်အုပ်စုများ နှင့် ဦးစားပေး အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း- ဟန်ဂျိုင်း
ဓာတ်ပုံ- ကိုသန်း
