ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား သြဂုတ် ၃

 

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင် ကုန်သည်ကြီးများအသင်းနှင့် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အလှူငွေများ လှူဒါန်းလက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိန်ချုံးခရိုင်အနေဖြင့် မိမိတို့ ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ဆီဂျင်စက်များ ပို့ဆောင်ပေးနေပြီး အိမ်နီးချင်းကောင်းပီသစွာ များစွာအထောက်အကူ ပေးသည့်အပြင် ယခုလှူဒါန်းမှုအား ကျေးဇူးတင်ရှိကြောင်းနှင့် ပြည်နယ်အတွက် လာရောက်ထောက်ပံ့သူများ အားလုံးကို ပြည်နယ်သူ/သားများကိုယ်စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများထံ ထိန်းချုံးခရိုင် နိုင်ငံတကာ ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသည့်ငွေကျပ်သိန်း ၁၀၀ ကို မြစ်ကြီးနားတာဝန်ခံ ဦးအောင်ဝင်းမှ ထောက်ပံ့ပေးအပ်ခဲ့ပြီး ထိန်ချုံးခရိုင်မှ မှာယူထားသည့် Oxygen Concentrator အလုံး ၅၀ အတွက် ငွေကျပ် ၅၃၀ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ထို့နောက် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းမှ လှူဒါန်းသည့် ငွေကျပ် ၁၃ သိန်းကို လက်ရွေးစင်အမျိုးသမီးကိုယ်စား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက လက်ခံရယူခဲ့ကြသည်။

 

အလားတူ နံနက် ၉ နာရီခွဲတွင် အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမိုလွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့မှုများကို ရှင်းလင်းပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့်အတိုင်း ဝန်ကြီးဌာနများအလိုက် နိုင်ငံတော်မှချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရေးနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုအဆင့်ဆင့်ဖြင့် မိမိတို့ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအပေါ် ရှင်းလင်းစွာသိရှိနားလည်ပြီး လျင်မြန်သွက်လက်စွာ အကောင်အထည်ဖော်နိုင်ရေး မှာကြားကာ ဝန်ကြီးဌာနများအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)