မယ်စဲ့ ဩဂုတ် ၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၄ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှေ့၊ မယ်စဲ့-ဘီပီ (၁၃) လမ်းမကြီးနှင့် မြောက်ပိုင်းရပ်ကွက်ရှိ ကွက်သစ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် အသိပေးချက်၊ သတိပေးချက်များကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား Mask များ အခမဲ့ ဝေငှခြင်းနှင့် ကိုဗစ်-၁၉ ပညာပေး လက်ကမ်းကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ကယားပြည်နယ်တွင် ဩဂုတ် ၃ ရက်အထိ ပိုးတွေ့လူနာသစ် ၄ ရှိပြီး စုစုပေါင်း ပိုးတွေ့လူနာ ၆၈၄ ဦး၊ သေဆုံးသူ ၃၀ နှင့် ပြန်လည်ကျန်းမာလာသူ ၃၃၃ ဦးရှိကာ မယ်စဲ့မြို့နယ်အနေဖြင့် ဩဂုတ် ၄ ရက်အထိ ပိုးတွေ့လူနာ မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


