ရန်ကုန် ဩဂုတ် ၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်၊ မာလာရာမကွက်သစ်ကျောင်းတိုက်အတွင်း တည်ဆောက်မည့် စိန်ရတနာနာရေးကူညီမှုအသင်း၏ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူရှင်များက အလှူငွေများ လှူဒါန်းလျက်ရှိသည်။
အင်းစိန်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် ယမန်နေ့က ကွယ်လွန်သူ (ဦးထွန်းဝေ) အား ရည်စူး၍ ဇနီး ဒေါ်သန်းသန်းမိသားစုက အလှူငွေကျပ်သိန်း ၅၀၊ ဒုတိယရဲမှူးဦးကြည် လွင်-ဒေါ်ခင်မာကြည် မိသားစုက အလှူငွေကျပ်သိန်း ၅၀၊ ပေါက်တောရပ်ကွက်လုံးဆိုင်ရာ ဆွမ်းလောင်း ဓမ္မာရုံက အလှူငွေကျပ်သိန်း ၄၀၊ ဦးတင်ဦး-ဒေါ်သူသူဝင်း မိသားစုက အလှူငွေကျပ် ၁၀ သိန်း၊ ဦးကျော်သီဟ-ဒေါ်သီရိစုသက် မိသားစုမက အလှူငွေကျပ် ငါးသိန်း၊ ဦးစိုးကြီး-ဒေါ်စန္ဒာ မိသားစုက အလှူငွေကျပ် ငါးသိန်းနှင့် အလှူရှင်များက အသီးသီး လှူဒါန်းလျက်ရှိရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ များက လက်ခံရယူလျက်ရှိသည်။
အောက်ဆီဂျင်စက်ရုံတွင် တစ်နာရီလျှင် ၄၀ လီတာဝင်အိုးကြီး ၁၀ လုံးခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာဝင်အိုးကြီး အလုံး ၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည်ဟု မျှော်လင့်ထားကာ ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း ၁၆၀၀ ခန့် ရှိကြောင်း သိရသည်။ အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း စိန်ရတနာ နာရေးကူညီမှုအသင်း(အင်းစိန်) ဒုတိယဥက္ကဋ္ဌ ဦးအောင်မိုးထံမှ သိရသည်။
အင်းစိန်မြို့နယ် စိန်ရတနာနာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


