နေပြည်တော် သြဂုတ် ၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် သြဂုတ် ၄ ရက်က တက္ကသိုလ်များ နှင့် သုတေသနလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် နေပြည်တော် ရေဆင်းတက္ကသိုလ်များ နယ်မြေရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သို့ ရောက်ရှိကြပြီး နောက်ဆုံးနှစ်ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုကိုကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအတွက် ဒိန်ချဉ်နှင့် ကြက်ဥများကို ပါမောက္ခချုပ် ထံပေးအပ်သည်။

 

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ Doctor of Medicine (DVM) ဘွဲ့အတွက် ၄၆ ဦး၊ Bachelor of Animal Science (B.A.Sc) ဘွဲ့အတွက် ၁၁ ဦး ဖြေဆိုလျက်ရှိကြောင်းသိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ လက်တွေ့လေ့လာနိုင်ရေးနှင့် တိရစ္ဆာန်ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသည့် တိရစ္ဆာန်ဆေးရုံနှင့် နွားမွေးမြူရေးခြံများကို ကြည့်ရှုစစ်ဆေးပြီး တက္ကသိုလ်၏ သင်ကြားရေး သင်ယူရေး လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးနှင့် ကျောင်းဆင်းလူငယ်များအတွက် အလုပ်အကိုင် ရရှိရေးအတွက်  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များအား တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် ပါမောက္ခချုပ် နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများကို တွေ့ဆုံ၍ ဆောင်ရွက်ဆဲ သင်ကြားသင်ယူရေး ဆိုင်ရာများ နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။

 

စိုက်ပျိုးရေးတက္ကသိုလ် အနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ဇွန် ၂၄ ရက်မှ စ၍ ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီး အထူးပြုဘာသာရပ် (၇) ခုအား ပုံမှန်လေ့လာသင်ယူခြင်း၊ စာတမ်းပြုစုခြင်းများ ဆောင်ရွက်ခဲ့သည်။ ယခင်က လက်တွေ့လုပ်ငန်းခွင် လေ့လာမှုကို သက်ဆိုင်ရာ ဌာနများမှ ခြံများတွင် ဆောင်ရွက်၍ စာတမ်းပြုစုတင်သွင်းခြင်း လူတွေ့ စာတမ်းဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနှင့် သင်ကြားသူ သင်ယူသူများ ဘေးကင်းလုံခြုံရေးအတွက်  ကျောင်းသား ကျောင်းသူများ တင်သွင်းလာသည့် စာတမ်းများကို စစ်ဆေးခြင်း၊ စာတမ်းဖတ်ကြား တင်ပြခြင်းတို့ကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အောင်စာရင်းများကို အောက်တိုဘာလတွင် ထုတ်ပြန်ကြေညာပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနသို့ ရောက်ရှိကြပြီး နိုင်ငံတစ်ဝန်းရှိ သုတေသနခြံများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ နှင့် ချင်းတောင်တန်းဒေသတွင် ဆောင်ရွက်မည့် သီးနှံအလိုက် သုတေသနလုပ်ငန်းဆိုင်ရာများ၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ အသုံးချ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်