နေပြည်တော် ဩဂုတ် ၆
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းသို့ လည်းကောင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက ညောင်ရွှေမြို့ရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်နှင့် SKF Farm Myanmar Co.Ltd ၏ SWINE GGP Farm ဝက်မွေးမြူရေးခြံ၊ ဒေါက်တာစိုင်းလုံ၏ အဆင့်မြင့် ကြက်မွေးမြူရေးခြံ၊ အေးသာယာမြို့ရှိ ပြောင်းအခြောက်ခံစက်ရုံ၊ တောင်ကြီးမြို့ရှိ ထုံးဖိုစိုက်ပျိုးရေး သုတေသနခြံများသို့လည်းကောင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ထားဝယ်မြို့ရှိ တပ်နယ်စိုက်ပျိုး၊ မွေးမြူရေးဇုန်သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တာဝန်ရှိသူများက မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၄) စိုက်ပျိုး၊ မွေးမြူရေးစခန်း၊ လေးထောင့်ကန်ရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် အားမာန်နို့စားနွားခြံနှင့် မှော်ဘီမြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး၊ မွေးမြူရေးစခန်း (ဝါးနက်ချောင်း) များသို့ လည်းကောင်း။ ။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံနှင့် နယ်မြေခံ လေတပ်စခန်းဌာနချုပ်ရှိ မွေးမြူရေးခြံများသို့လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး နှင့် တာဝန်ရှိသူများသည် ပုဂ္ဂလိကမွေးမြူရေးခြံဖြစ်သည့် စစ်တွေမြို့နယ် နာရီကန်ကျေးရွာအနီးရှိ ဦးစိန်ဝင်းပိုင် ဥစားကြက်မွေးမြူရေးခြံ၊ ငါးမွေးမြူရေးကန်များနှင့် တိုင်းစစ်ဌာနချုပ်ရှိ စိုက်ပျိုးမွေးမြူရေး ဇုန်များသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများက ချောင်းဦးမြို့နယ် ခင်မွန်ကျေးရွာ ခင်မွန်ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံနှင့် ဆင်မြေကျေးရွာ မေခဇော်ကြက်မွေးမြူရေးကုမ္ပဏီ၏ အသားစား ကြက်မွေးမြူရေးခြံများသို့ လည်းကောင်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဇွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် တာဝန်ရှိသူများက ဟားခါးတပ်နယ်ရှိ မွေးမြူရေးခြံနှင့် ဟားခါးထာရ် ရပ်ကွက်ရှိ ဒေါ်ဆုန်ထလာ၏ ဥစားကြက်မွေးမြူရေးခြံ များသို့ လည်းကောင်း။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ သရက်ကုန်းငါးမွေးမြူရေး စခန်းနှင့် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေး ခြံများသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက နယ်မြေခံတပ်ရှိ စိုက်ပျိုးရေးမွေးမြူရေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများသို့ လည်းကောင်း သွားရောက်၍ မျိုးစေ့ထုတ်လုပ်ငန်း၊ Green House စိုက်ပျိုးရေးလုပ်ငန်း၊ ဥစားကြက်မွေးမြူရေးလုပ်ငန်း၊ နို့စားနွားမွေးမြူရေးလုပ်ငန်း၊ DYL ဝက်မွေးမြူရေးလုပ်ငန်း၊ ဆပ်ပြာရည် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဖယောင်းတိုင် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် နို့ထွက်ပစ္စည်း ကုန်ထုတ်လုပ်ငန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


