ဟုမ္မလင်း ဩဂုတ် ၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရေးအတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ကျေးရွာနှစ်ရွာတွင် စီမံကိန်းချေးငွေများအား ဩဂုတ် ၅ ရက်က ထုတ်ချေးပေးခဲ့သည်။

စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရာသို့ ဟုမ္မလင်းမြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဟန်မင်းဆွေ၊ စီမံကိန်းတာဝန်ခံ ဦးလှိုင်ထွန်းမြင့်နှင့် ဦးအောင်ကျော်ဇံတို့က မှန်ပင်ကျေးရွာနှင့် ကျွန်းကျေးရွာတို့တွင် ဒုတိယစက်ဝန်းအတွက် ချေးငွေများ အလေအလွင့်မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေးတို့အတွက် ချေးငွေများ ထုတ်ချေးပေးမှုကို လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

မှန်ပင်ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၇၆ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၃ ဦး၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ၂၅ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သး တစ်ဦး  စုစုပေါင်းအသင်းသား ၁၂၅ ဦးအား ချေးငွေကျပ် သိန်းသုံးရာငါးသိန်းငါးသောင်းနှင့် ကျွန်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၄၇ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၁ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၃ ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ လေးဦး စုစုပေါင်းအသင်းသား ၉၁ ဦးတို့အတွက် ချေးငွေ ကျပ်သိန်းသုံးရာငါးသိန်းအား ကိုဗစ်-၁၉ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးကို