ပုဂံ ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့နယ်မြေမီးသတ်စခန်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူ့အကျိုးပြု လုပ်ငန်းများနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဩဂုတ် ၅ ရက်က ပုဂံမြို၊ ခန်းလတ်ရပ်ကွက်နေ ဦးကျော်စွာဝင်းမိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ လာရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထောက်ပံ့လှူဒါန်းရာတွင် အလှူရှင်များက PPE Level – 4 ဝတ်စုံ ၁၅ စုံ၊ ပါးစပ်နှာခေါင်းစည်း(Mask) ငါးဘူး၊ လက်သန့်ဆေးရည်(Hand Gel) သုံးဘူး၊ လက်အိတ် တစ်ဘူး ၊ PPE ခြေစွပ် ငါးစုံ၊ ခေါင်းစွပ် တစ်ထုပ်တို့ကို ပေးအပ်ရာ ပုဂံနယ်မြေ မီးသတ်စခန်းမှ တာဝန်ခံမီးသတ်ဦးစီးမှူး ဦးဥက္ကာက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် အလှူရှင်များသည် ပုဂံမြို့၊ လူမှုကူညီရေးနှင့် အောက်ဆီဂျင်အခမဲ့ ပရဟိတအသင်းအား PPE Level – 4 ဝတ်စုံ ၁၅ စုံ၊ ပါးစပ်နှာခေါင်းစည်း(Mask) ငါးဘူး ၊ လက်သန့်ဆေးရည်(Hand Gel) သုံးဘူး ၊ လက်အိတ် တစ်ဘူး၊ PPE ခြေစွပ် ငါးစုံ၊ ခေါင်းစွပ်တစ်ထုပ်တို့ကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)