ပဲခူး ဩဂုတ် ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဩဂုတ် ၆ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူးပြုသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများက ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျီးတောင်တောရစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် နိုင်ငံတော်သံဃ နာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၀၈ ကျောင်းအတွက် ကျောင်းတိုက် တစ်ခုလျှင် ဆန် တစ်အိတ်၊ ဆီ ငါးပိဿာနှင့် ဝတ္တုငွေကျပ် ငါးသောင်းကို လည်းကောင်း၊ သီလရှင်ကျောင်း ၁၁၉ ကျောင်းအတွက် ကျောင်းတိုက်တစ်ခုလျှင် ဆန် တစ်အိတ်နှင့် ဆီ ငါးပိဿာအားလည်းကောင်း တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့်တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ အောက်စီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ထပ်မံအရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ဆွေးနွေးပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ထားသည့် Oxygen Plant မှ အောက်စီဂျင်ထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


