မြစ်ကြီးနား    သြဂုတ်    ၆

ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်နိုင်ငံ၊ ထိန်ချုံးပြည်သူ့ အစိုးရ၊ ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံး ပစ္စည်းများအား သြဂုတ် ၆ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ လက်ခံရယူရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်နိုင်ငံ၊ ထိန်ချုံးခရိုင်သည် မိမိတို့နှင့် အိမ်နီးချင်းကောင်းပီသစွာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးအတွက် ယခုလို လက်တွဲကူညီပြီး ကာကွယ်ကုသရေး သုံးပစ္စည်းများ လှူဒါန်းပေးအပ် သည့်အတွက် ပြည်နယ်သူ/ သားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တရုတ်နိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသည့် အောက်စီဂျင်လေထုတ်စက် ငါးခု၊ အောက်စီဂျင်လေအိုး အလုံး ၄၀၊ Oxygen Flow Meter ၄၀ ခု၊ အောက်စီဂျင်လေအိတ် အခု ၄၀၀၊ N95 နှာခေါင်းစည်း Mask အခု ၂၀၀၀၊ Surgical Mask ၃၀၀၀၀ ၊ PPE ဝတ်စုံ ၁၆၀၀ နှင့် ရော်ဘာလက်အိတ် အခု ၁၅၀၀ တို့ကို တာဝန်ခံကိုယ်စားလှယ် ဦးမြင့်ထွေးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်ကိုယ်စား တာဝန်ခံကိုယ်စားလှယ်က ရှင်းလင်း တင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ပေးပို့လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးသုံးပစ္စည်းများကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် စတုတ္ထအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်းလုပ်ငန်းကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်နှင့် ဒူကထောင်ရပ်ကွက် မနက်ဈေးများတွင်  ဈေး‌ရောင်း၊ ဈေးဝယ်ပြည်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)