နေပြည်တော်၊ ဩဂုတ် ၆
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့တွင် Hotel Max အစည်းအဝေးခန်းမ၌ ဧည့်သည်အများဆုံး လာရောက်တည်းခိုသော ဟိုတယ်များဖြစ်သည့် Hotel Max ၊ The Amara Hotel ၊ Hotel 101 ဟိုတယ်တို့မှ အထွေထွေ မန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ Social Distancing စနစ်ဖြင့် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် Health & Safety Protocol နှင့်အညီ စနစ်တကျဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ဝန်ဆောင်မှုပေးရာ တွင်လည်း အရည်အသွေးကောင်းမွန်စွာ ပေးရန်လိုအပ်ကြောင်း၊ ဟိုတယ်သို့ လာရာက်တည်းခိုသည့် ဧည့်သည်များ အကြိမ်ကြိမ်ပြန် လည်တည်းခိုလာရောက်နိုင်ရေးအတွက် မိမိတို့၏ဝန်ဆောင်မှုဖြင့် ဆွဲဆောင်ရန် လိုအပ်ကြောင်းနှင့် အထူးသဖြင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ဂရုပြုဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အစိုးနှင့်ပုဂ္ဂလိက တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဟိုတယ်လုပ်ငန်းများသာမက အခြားသောလုပ်ငန်း အခက်အခဲများရှိပါကလည်း အချိန်မရွေးတင်ပြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ မန်နေဂျာနှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


