နေပြည်တော် ဩဂုတ် ၆
နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၃ နာရီတွင် ဗီဒီယို ကွန်ဖရင့်ဖြင့်ကျင်းပသည့် အာဆီယံ-အီးယူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
အာဆီယံ-အီးယူအစည်းအဝေးကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် အီးယူ နိုင်ငံခြားရေးနှင့် မူဝါဒရေးရာ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Joseph Borrell တို့က ပူးတွဲ သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ်ခဲ့ကြပြီး ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ် များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အနာဂတ် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေး၍ စေ့စပ်ညှိနှိုင်းဆောင်ရွက်ရေးသည် အရေးကြီးကြောင်းနှင့် ဘရပ်ဆဲလ်မြို့တွင် ကျင်းပမည့် အာဆီယံ-အီးယူ ဆွေးနွေးဖက်ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသည် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် - ၄ (IAI Work Plan IV) ဖော်ဆောင်ရေးအပါအဝင် အားလုံးပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ ရေးတို့ကို မြှင့်တင်ရေးမှတစ်ဆင့် ကဏ္ဍစုံဆွေးနွေးမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်ဖွင့်လှစ် နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု တိုက်ဖျက်ရေးနှင့် အာဆီယံတွင် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုများ လျော့ပါးစေရေးအတွက် အီးယူ၏ ပံ့ပိုးလှူဒါန်းမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆွေးနွေးရာ၌ ပြည်ထောင်စုဝန်ကြီးက အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည့် အခြေအနေနှင့် ဥရောပသမဂ္ဂ သို့မဟုတ် နိုင်ငံအသီးသီး၏ ပံ့ပိုးမှုများသည် အာဆီယံသဘောတူညီချက် (၅)ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်တို့ကို အထောက်အကူ ဖြစ်စေရန် အလေးပေးပြောကြားခဲ့ပြီး ယင်းတို့ထက် ကျော်လွန်ဆောင်ရွက်မှုများသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံတို့အတွက် အကူအညီဖြစ်မည်မဟုတ်ကြောင်း အသိပေးပြောကြားသည်။ မြန်မာ နိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းနှင့် စပ်လျဉ်း၍ အီးယူပြောရေးဆိုခွင့်ရှိသူ၏ ကြေညာချက်တွင် ဖော်ပြထားသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (non-state actors) ကို ဖော်ပြခြင်း အပါအဝင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၁ ခုနှစ် မေ ၈ ရက်က အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံရန် ပြောကြားမှုများကို လက်သင့်မခံကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းသည် အာဆီယံနိုင်ငံခေါင်းဆောင်များ အစည်းအဝေး၏ သဘောတူညီချက်(၅) ချက်ကို ချိုးဖောက်ရာရောက်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှု (meaningful political dialogue) ဆောင်ရွက်ရန် အီးယူ၏ပြောဆိုချက်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တရားမဝင်အသင်းအဖွဲ့များ မပါ(မပါ) ဝင်သင့်ကြောင်းနှင့် ယင်းသည် ငြိမ်းချမ်းမှုကိုဖော်ဆောင်သည့် ဖြေရှင်းနည်းဖြစ်လာမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အောင်မြင်စွာဖော်ဆောင်ရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရန် အီးယူမှ မြန်မာနိုင်ငံကိုပံ့ပိုးသင့်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးရေးတွင် AHA Centre နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အလေးပေးပြောကြားသည်။
အဆိုပါ အစည်းအဝေး၌ အာဆီယံ-အီးယူ ညှိနှိုင်းရေးမှူးနိုင်ငံက ASEAN Common Statement ကို ဖတ်ကြားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံ၏ကိစ္စရပ်ကို အထူးပြုထည့်သွင်းမဖော်ပြသင့် ကြောင်းနှင့် နောင်တွင်လည်း ရှောင်ကြဉ်သင့်ကြောင်း၊ ASEAN Common Statement စာပိုဒ် ၂၇ တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ဆက်လက်ဖော်ပြထားသဖြင့် မြန်မာနိုင်ငံမှ စာပိုဒ် ၂၇ ကို ပါဝင် ပတ်သက်မှုမရှိ၊ လက်မခံကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားသည်။
အဆိုပါ အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
(သတင်းစဉ်)


