နေပြည်တော် သြဂုတ် ၆
ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းစဉ် ကာလများ အတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ အာဟာရဓါတ်ပြည့်ဝစွာ စားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူသူ တောင်သူများ ပုဂ္ဂလိကများ၏ ထုတ်လုပ်မှုစွမ်းအား ရှင်သန်ပြည့်ဝစေရန် နည်းပညာနှင့် လိုအပ်ချက်များ စဉ်ဆက်မပြတ်ကုညီဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးခြံ၊ နို့ပေါင်းစက်ရုံ၊ ဒိန်ချဉ်နှင့် နို့ထွက်စားသောက်ကုန်ထုတ်စက်ရုံများ သို့ကွင်းဆင်း ကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။
၂၀၁၉-၂၀၂၀ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဒေသ နွားကောင်ရေ ၁၃၈,၆၅၂ ကောင် ၊ နို့စားနွား ၃၀,၁၀၅ ကောင် ၊ ဒေသကျွဲ ၃၀,၁၀၅ ကောင် ၊ နို့စားကျွဲ ၅၂၄ ကောင် မွေးမြူလုပ်ကိုင်လျက်ရှိကြကြောင်း၊ ဒေသနေပြည်သူများ၏ စားသုံးမှုအတွက် အသား၊ နို့နှင့် နို့ထွက် ပစ္စည်း ဖူလုံမှုရှိသည့်အပြင် ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် လိုအပ်သော တိရစ္ဆာန်ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများ၊ ရောဂါပျံ့နှံ့မှု နှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသနလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်နှင့် ပြည်တွင်းအသုံးပြုမည့် တိရစ္ဆာန်အစာများ၏ အဟာရတန်ဖိုးနှင့် အဆိပ်အတောက်ပါ၀င်မှု စစ်ဆေးပေးခြင်း လုပ်ငန်းများ၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၊ လွှတ်ကျောင်း မွေးမြူ ခြင်းမှ စိုက်ပျိုးကျွေးမွေးရေးစနစ် ၊ အာဟာရပြည့်ဝသည့် တာရှည်ခံ တိရစ္ဆာန်အစာ ချဉ်ဖတ်ပြုလုပ် ကျွေးမွေးရေးနည်းစနစ် အသုံးပြုနိုင်ရေးလုပ်ငန်းများ အပါအဝင် မွေးမြူရေးဆိုင်ရာ ခေတ်မီနည်းပညာ အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးတောင်သူများ၊ ပုဂ္ဂလိက မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် နီးစပ်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးများ၌ ဆက်သွယ်အကူ အညီရယူနိုင်ကြကြောင်း သိရသည်။
(သတင်းစဉ်)


