သတင်း - မာမာကြီး၊ ဓာတ်ပုံ - ကိုကိုဇော်

ရန်ကုန် သြဂုတ် ၆

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ နှင့်စပ်လျဉ်း၍ စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး  ဦးအောင်သန်းဦးက တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကိုဗစ်စင်တာများ ဖွင့်လှစ်မှုအခြေအနေ၊ ကိုဗစ်စင်တာများ ဖွင့်လှစ်ရာတွင် အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေ၊  ဆေးနှင့်ဆေးပစ္စည်းများ  စျေးနှုန်းမှန်ကန်စေရေးနှင့် အခြေခံစားကုန်များ စျေးနှုန်းကြီးမြင့်မှုမရှိစေရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း။

 

ပထမအချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်မှစပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ပမှ ပြန်လည်ရောက်ရှိလာကြသည့်  ပြည်သူများကို ဖောင်ကြီးစင်တာ၊ ရိုးမစင်တာတို့ဖွင့်၍ စတင်လက်ခံခဲ့ကြောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ အကူအညီဖြင့် ဆေးတပ်ဖွဲ့မှ ဆရာဝန်ကြီးအပါအဝင် အင်အား ၄၀ ဖြင့် ဖောင်ကြီးစင်တာတွင် ကုသရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးနေကြောင်း။

 

ဇွန်လ နောက်ဆုံးပတ်ကစပြီး ကိုဗစ်-၁၉ တတိယလှိုင်းကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် စတင်တွေ့ရှိလာ‌ကြောင်း၊ ဇူလိုင်လဆန်းမှစ၍ ကိုဗစ်-၁၉ ရောဂါ  တတိယလှိုင်း သည် ရန်ကုန်တိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ မြင့်တက်လာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လှည်းကူး ဖောင်ကြီးစင်တာ၊ ဗိုလ်တထောင်၊   မရမ်းကုန်း၊ အင်းယားစင်တာ၊ MCC စင်တာ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ရိုးမရိပ်သာစင်တာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏကုသရေးစင်တာ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်   အောင်မြင့်မိုရ် ကုသရေးစင်တာ၊ လှိုင်ကုသရေးစင်တာ၊ ရန်ကင်းပညာရေးကောလိပ်၊ ဆရာတော် သံဃာတော် များအတွက် အင်းစိန် မင်းဓမ္မသီရိမဂ္ဂသာသနာ့ဗိမ္မာန်၊ မရမ်းကုန်းကမ္ဘာအေး သံဃာ့ဆေးရုံများတွင် ဆရာတော် သံဃာတော်များအတွက် ခုတင် ၃၀၀၊ ပြည်သူများအတွက် ခုတင် ၇၅၇၀ ကို ကုသရေးစင်တာ များတွင် ပြင်ဆင်ကုသ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

တတိယလှိုင်းတွင် အဓိကလိုအပ်ချက်မှာ အောက်ဆီဂျင်ဖြစ်သည့်အတွက် ကုသရေးစင်တာများတွင် အောက်ဆီဂျင်ရှူနိုင်ရန် လိုင်းများဆွဲပြီး  ဆောင်ရွက်ပေးကြောင်း၊ အောက်ဆီဂျင်အိုးများနှင့် Flow Meter ဖြင့် ရှူနိုင်ရန်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အောက်ဆီဂျင် Concentrator များကိုလည်း ပြည်ပမှ မှာယူတင်သွင်းပြီး အလှူရှင်များပါဝင်ပူးပေါင်းကာ  အောက်ဆီဂျင်ရရှိရန်အတွက် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့ပြင် ဆရာ တော်သံဃာတော်များ၊ ဆေးကုသနေသည့် လူနာများ၊ လူနာများကို ကူညီဆောင်ရွက် ပေးနေသည့် ပရဟိတအဖွဲ့များ၊ ဆရာဝန်များ၊ ဆရာမများ၊ သူနာပြုများအားလုံးကိုလည်း နေ့စဉ်ကျွေးမွေးရေး ကိစ္စများကို အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်ပေးနေကြောင်း။

 

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၏ အဓိကလိုအပ်ချက်ဖြစ်သည့်  အောက်ဆီဂျင်နှင့်  လူသားအရင်းအမြစ် (Human Resources)တို့သည် စိန်ခေါ်မှုအကြီးဆုံးကိစ္စများဖြစ်ကြောင်း၊ အောက်ဆီဂျင်နှင့် ပတ်သက်ပြီး  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် တာဝန်ယူပြီး ဖြည့်ဆည်းပေးသကဲ့သို့ အချို့အလှူရှင်များက ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဂျပန်ဆေးရုံကြီး၊ မြောက်ဥက္ကလာ  မေဓာဝီနှင့်  ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာရှိ မိခင်နှင့်ကလေး ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ ယင်းဆေးရုံကြီးများအတွက် အောက်ဆီဂျင်လိုအပ်ချက် ၂၅ တန်ခန့် ဖြည့်ဆည်း ဆောင်ရွက်ပေးနေရကြောင်း၊  ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ  ခရိုင်အဆင့်ဆေးရုံကြီးများ၊ မြို့နယ်အဆင့် ဆေးရုံကြီးများ၏ အောက်ဆီဂျင်လိုအပ်ချက်မှာလည်း များစွာရှိနေကြောင်း၊ ယခင် ကွာရတင်းစင်တာများ ကိုလည်း ယနေ့တွင် အောက်ဆီဂျင်ရှူနိုင်သည့် ကုသရေးစင်တာအဖြစ်ပြောင်းလဲ ဆောင်ရွက်ပေးလျက် ရှိကြောင်း။

 

ယခုအချိန်တွင် နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏  လိုအပ်ချက်ဖြစ်သည့် ဆေးနှင့် ဆေးပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ၊ အောက်ဆီဂျင်နှင့်  ပတ်သက်သည့်ပစ္စည်းများကို တင်သွင်းသည့်နေရာတွင် မူလက ၁၅ ရာခိုင်နှုန်း အခွန်ကောက်ရာမှ ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ လျော့ချပြီး မြန်မြန်ဆန်ဆန် နိုင်ငံအတွင်း  ရောက်ရှိနိုင်ရန်  စီမံဆောင်ရွက်ပေးနေကြောင်း၊  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အခမဲ့ တင်သွင်းခွင့်ပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာ  လေကြောင်းလိုင်း၊ ရေကြောင်းလိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် အကောက်ခွန်နှင့်ပတ်သက်ပြီး ပစ္စည်းရောက်သည်နှင့် ချက်ချင်းထုတ်ယူနိုင်ရန် စီမံ ဆောင်ရွက် ပေးနေကြောင်း။

 

ဆေးဝါးနှင့်အစားအသောက် ကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်ပတ်သက်ပြီး နိုင်ငံတကာဓာတ်ခွဲခန်းများက အသိအမှတ်ပြုထားသည့် ဆေးနှင့်ဆေးပစ္စည်း၊ ဆေးဝါးကုန်ကြမ်း အစရှိသည့် ဆေးရုံသုံးပစ္စည်း၊ ဆေးဝါးနှင့် ပတ်သက်သည့် ပစ္စည်းများကို (FDA)ကင်းလွတ် တင်သွင်းခွင့်ပေးထားကြောင်း၊ ယင်းသို့တင်သွင်းခွင့်နှင့် ဥပဒေအရ ဖြေလျော့မှုများသည် အမှန်တကယ် ပြည်သူများ ဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိရန်၊ စျေးနှုန်း ကြီးမြင့်မှုများ မဖြစ်ပေါ်ရန် စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဆေး တင်သွင်းသူ၊ ဆေးဝါးကုမ္ပဏီများ၊ မြန်မာနိုင်ငံ  ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့ ပါဝင်ပူး ပေါင်းပြီး အခြေခံပြည်သူလူထု  အသုံးများသည့်ဆေးဝါးပစ္စည်းများ စျေးနှုန်းကြီးမြင့်မှု မရှိစေရန် ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

အခြေခံ စားကုန်စျေးနှုန်းများနှင့်ပတ်သက်၍ ပြီးခဲ့သည့်ကာလတွင် ကြက်ဥစျေးနှုန်း မြင့်တက်သွားသည်ကို တွေ့ရကြောင်း၊ ယင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာနိုင်ငံမွေးမြူရေးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူရေးရာဦးစီး ဌာနတို့ပူးပေါင်းပြီး ကြက်ဥများကို ရပ်ကွက်များ၊  စျေးများတွင် သက်သာသည့်စျေးနှုန်းဖြင့် ချက်ချင်းရောင်းချဖြေရှင်းနိုင်သည့်အတွက် ကြက်ဥစျေးပြန်လည်ကျဆင်းသွားပြီ ဖြစ်ကြောင်း။

 

ယခုအချိန်တွင် ကုသရေးပိုင်းတွင် အားနည်းနေသည့် လူသားအရင်းအမြစ်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အတွက် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးဆောင်ရွက်နေသကဲ့သို့ အခြားပံ့ပိုးကူညီမှုများပေးပြီး  ပြည်သူလူထု ကုသမှု အပြည့်အဝရရှိရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာနများ အားလုံး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က နေ့စဉ် စဉ်ဆက်မပြတ်  တွေ့ဆုံညှိနှိုင်းပေါင်းစပ်ပြီး လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဇူလိုင် ၁ ရက်မှ ဇူလိုင် ၂၃ ရက်အထိ ရန်ကုန်မြို့အပါအဝင် နယ်အသီးသီးတွင် ပြည်သူများ  သေဆုံးမှုနှုန်း မြင့်တက်ခဲ့ကြောင်း၊ ယခု ဇူလိုင် ၂၄ ရက်မှစပြီး ပြန်ပြီးကျဆင်းလာသည့်အတွက် ကိုဗစ်-၁၉ တတိယလှိုင်းကို အပြည့်အဝမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် စာနယ်ဇင်းများမှ မေးမြန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်က   ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

 

ရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း နှင့် ဖိတ်ကြားထားကြ သည့် စာနယ်ဇင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)