ရန်ကုန် သြဂုတ် ၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် တစ်နေ့လျှင် ရေဂါလန် ၃ ဒသမ ၃ သန်း ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်း အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒလ-တွံတေး ကားလမ်းမကြီးတစ်လျှောက် အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ) ရှိ HDPE Main Transmission ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် တွံတေးမြို့နယ် ပိတ်စွယ်ကျေးရွာအုပ်စု ဘုရားကြီးစုကျေးရွာ၌  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေသန့်စင်စက်ရုံ စီမံကိန်းဧရိယာသို့ သွားရောက်ခဲ့ပြီး  အကြိုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုခဲ့သည်။ အဆိုပါ စီမံကိန်းမှ တစ်နေ့လျှင် သုံးရေအနေဖြင့် ရေဂါလန် ၃ ဒသမ ၃ သန်း ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သလို၊ သောက်ရေအနေဖြင့် ရေဂါလန် ၆၆၀၀၀ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ရန်ကုန် ပေါက် ရေပေးဝေရေးစခန်းရှိ ရုံးခန်းရှင်းလင်းဆောင်၌  ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းမှ ဆောင်ရွက်လျက်ရှိသည့် ရေသန့်စင်စက်ရုံ အဆောက်အဦ တည်ဆောက်မှု လုပ်ငန်းများနှင့် ဒလမြို့နယ်သို့ ရေပိုက်လိုင်း ဆက်သွယ်ထားမှုနှင့် ရေပေးဝေရေးဆိုင်ရာ အချက်အလက်များကို ဒလမြို့နယ် ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့  ဦးစီးအရာရှိ ဦးတိုးတိုးအောင်က ရှင်းလင်းတင်ပြခဲ့သည်။  

 

ထို့နောက် ဒလမြို့နယ် ကမာကဆစ်ဈေးသို့ သွားရောက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး အသိပညာပေး ဗီနိုင်းပိုစတာများနှင့် နှာခေါင်းစည် (Mask) များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်သူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး၊ ပါးစပ်နှင့် နှာခေါင်းစည်းများ တပ်ဆင်ကြစေရေး အသိပေး တိုက်တွန်းနှိုးဆော်ခဲ့သည်။

 

mdn

 

ဆက်လက်၍ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ရန်ကုန် ပေါက်ရေပေးဝေရေးစခန်း အဝင်လမ်းထိပ်မှ ဒလမြို့နယ် ကနောင်လမ်းမပေါ်ရှိ လျာထားလျက်ရှိသော Service Reservoir  အထိ ၂၄ လက်မ ကွန်ကရစ်ပိုက်အစား အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ) ရှိ HDPE  Main Transmission Pipe အရှည် (၄၁၅၆၉ ပေ) ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ ဌာနမှူး ဦးမြင့်ဇော်သန်းက ရှင်းလင်းတင်ပြခဲ့ပြီး  လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ဒလမြို့နယ်အတွင်းရှိ ပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင်စက်ရုံ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒလ-တွံတေး ကားလမ်းမကြီးတစ်လျှောက် အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE  Pipe  ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်မှု လုပ်ငန်းများအနေဖြင့် အရှည် ၂၃၂၆၀ ပေ ဆောင်ရွက်ရန်ဖြစ်ပြီး ယခုအခါ အရှည် ၁၆၄၇၈ ပေ ပြီးစီးကာ၊ အရှည် ၆၇၈၂ ပေသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း၊ ရေသယ်ပိုက်လိုင်းကြီး ဆက်သွယ်မှု လုပ်ငန်းအနေဖြင့် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

 

mdn

 

ယင်းနောက် ဒလမြို့နယ် စည်ပင်သာယာရေးကော်မတီရုံးသို့ သွားရောက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုကြောင့် ကျန်းမာရေး အထူးဂရုစိုက်နေထိုင်ကြစေရေး၊ စည်ပင်သာယာရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ပြန်/ဆက်)