နေပြည်တော် သြဂုတ်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးရရှိရေး၊ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ နည်းလမ်းတကျ ရရှိရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) သည် သက်ဆိုင်ရာကော်မတီများ၊ ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဇူလိုင် ၂၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆေးဝါးများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်ပမှတင်သွင်းရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း ခေါင်းဆောင်သော UMFCCI Task Force ကို စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

Task Force သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် သက်ဆိုင်သည့် ဆေးဝါးများ၊ ဆေးပစ္စည်း ကိရိယာများ တင်သွင်းရာတွင် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) သို့ One-Time Permit များ လျှောက်ထားရာတွင် လက်ခံ ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးနှင့် ချိတ်ဆက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိသည်။

 

အဆိုပါ Task Force ရုံးအဖွဲ့ကို အသင်းချုပ်ရုံးမြေညီထပ်တွင် နေ့စဉ်ဖွင့်လှစ်ထားရှိပြီး ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ တင်သွင်းထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်များအား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဖုန်းနံပါတ်- 09-677727403, 09-677727404, 09-677727405 တို့ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

မောင်ဓန