ခိုလမ် သြဂုတ် ၇
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်လှမိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိတို့သည် သြဂုတ်(၇)ရက် နံနက် (၈)နာရီက လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ရပ်ကွက် (၂) ရှိ သောက်သုံးရေကန်၊ ရပ်ကွက် (၁) ရှိ ပန်းခြံနှင့် မြို့တော်ခန်းမ တည်ဆောက်မည့်နေရာအား သွားကြည့်ရှုရာ ခိုလမ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဘက်စုံမွေးမြူရေးခြံတွင် မွေးမြူထားသော ဝက်မွေးမြူရေးခြံ၊ ဥစားကြက်ခြံ၊ နို့စားနွားခြံ အစာစပ်ရုံနှင့် ဒေသကြက်မွေးခြံ၊ ငါးမွေးမြူရေးကန်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးအားကစားကွင်း တည်ဆောက်မည့်နေရာသို့ သွားရောက်ကြည့်ရှုသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အစည်းအဝေးခန်းမတွင် ကျင်းပသော သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကျဆင်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်၍ တိုင်းမှူးဗိုလ်မှူးချုပ် လှမိုးက သဘာဝဘေးအန္တရာယ် ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် လဲချား-ခိုလမ်လမ်း၊ ၃၁/၄ မိုင်အား ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်တင်ရေး ဆောင်ရွက်နိုင်ရန် သွားရောက်ကြည့်ရှုရာ ရှမ်းပြည်နယ် (တောင်ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရဇော်မှ လဲချား - ခိုလမ်လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ ခိုလမ် - လဲချားလမ်းသည် ခိုလမ်မြို့မှ လဲချားမြို့သို့ သွားရောက်ရာတွင် နမ့်စန်မြို့နှင့် လွိုင်လင်မြို့တို့ကို ဖြတ်သန်းသွားလာမှုမှ ရှောင်ရှားနိုင်ခြင်း၊ အချိန်တိုအတွင်း တစ်မြို့နှင့်တစ်မြို့ ဆက်သွယ်သွားလာနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်ရေးအတွက် များစွာအထောက်အကူပြုပြီး အချက်အချာကျသည့် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ခြင်း၊ လဲချား - ခိုလမ်လမ်းပေါ်ရှိ လဲချားမြို့ ရပ်ကွက် (၅) ရပ်ကွက်နှင့် ဝမ်ဆန်း၊ ဟဲဆိုင်၊ နော်ကော်၊ နားမန်း၊ နားပွဲ၊ တုန်ဟုန်း ကျေးရွာအုပ်စု (၆) စု၏ ကျေးရွာပေါင်း (၃၆) ရွာ စုစုပေါင်းအိမ်ခြေ (၄၄၆၃) စု၊ လူဦးရေ (၂၇၀၉၄) ဦးအတွက် တိုက်ရိုက်အကျိုးပြုပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုလည်း ဆက်သွယ်ပေး၍ ဒေသခံပြည်သူများ၏ ဒေသဝမ်းစာ ဖူလုံနိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့နိုင်ရန် လမ်းဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


