စစ်တွေ ဩဂုတ် ၇
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းစည်းဝေးကို ယနေ့နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ နယ်မြေခံတပ်မတော် အရာရှိများနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသည့် အခြေအနေ၊ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေ၊ ပြည်နယ်အတွင်းရှိ ဆေးရုံများတွင် အောက်ဆီဂျင် ပြတ်လတ်မှု မရှိစေရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ၊ သဘာဝဘေးကြောင့်ဖြစ်သည့် ကျန်းမာရေးနောက်ဆက်တွဲ ကူးစက်နိုင်သော ကာလဝမ်းရောဂါနှင့် အခြားသောရောဂါများကို ကုသပေးနိုင်ရန် ဆေးရုံများတွင် ဆေးများဖြည့်ဆည်းပေးထားမှု အခြေအနေ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ခိုလုံရာနေရာများ တည်ဆောက်ထားရှိမှု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ စုဆောင်ထားမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေမှု၊ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ရန် အသင့်ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ပြည်နယ်အတွင်းရှိ ဆည်တမံများတွင် ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှု၊ ဆည်တမံများ ကြံ့ခိုင်မှုကို နေ့ညမပြတ်စောင့်ကြည့်နေမှု အခြေအနေများ၊ ပြည်နယ်အတွင်း မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းတံတားများ ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ နေရပ်ပြန် တိုက်ပွဲရှောင်ပြည်သူများအား ပြန်လည်နေရာချထားမှုများ၊ နေအိမ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ၊ တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေမှု၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနေသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ တတိလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ဒေသတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးနိုင်ရန် ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန် - စစ်တွေ အဝေးပြေးကားလမ်းဘေးရှိ ဒေါ်ခက်ရင်၏ ပုဂ္ဂလိကပိုင် နေကြာပန်းကုမ္ပဏီ ဒေသရွှံ့ကဏန်းမျိုးစိတ် ကဏန်းပျော့မွေးမြူရေးလုပ်ငန်းနှင့် ဒေါ်အေးအေးသက်တို့၏ ပုဂ္ဂလိကပိုင် Advance Seafood ကုမ္ပဏီလိမီတက် ဒေသရွှံ့ကဏန်းမျိုးစိတ် ကဏန်းပျော့ မွေးမြူရေးလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှု အားပေးကြသည်။
ထိုသို့သွားရောက်ကြည့်ရှုစဉ် ကဏန်းပျော့ မွေးမြူရေးကန် တာဝန်ခံများက မွေးမြူရေးကန်တွင် ကဏန်းဖေါင်များဖြင့် မွေးမြူထားမှု၊ အစာကျွေးခြင်း၊ ကဏန်းပျော့ကောက်ယူမှု၊ ကဏန်းပျော့များအား ရေချိုဆေးသန့်စင်ခြင်း၊ ထုတ်ပိုးခြင်းနှင့် အအေးခန်းများဖြင့် သိုလှောင်ထားရှိမှုတို့ကို လိုက်လံရှင်းလင်းပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဒေသရွှံ့ကဏန်းများရရှိမှု အခြေအနေ၊ ထုတ်ကုန်များအား တင်ပို့ရောင်းချနေမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း လုပ်သားအင်အားသုံးစွဲမှု၊ အလုပ်သမားများအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးထားမှုနှင့် လုပ်ငန်းအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


