နေပြည်တော်၊ ဩဂုတ် ၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၆ ရက်၊ ညနေ ၅ နာရီခွဲတွင်စတင်၍ ဗွီဒီယိုကွန့်ဖရင့်ဖြင့် ကျင်းပပြုလုပ်သည့် (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။
(၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်ကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု အလားအလာများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားနှင့် အရေးကိစ္စများတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် အဓိကဖိုရမ်တစ်ခုဖြစ်သည့် အေအာရ်အက်ဖ်သည် အလွန်အရေးကြီးကြောင်း၊ အေအာရ်အက်ဖ် ပေါင်းစည်း ဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ဦးစားပေးကဏ္ဍ(၇) ခု ပါဝင်သော အေအာရ်ဖက်၏ အနာဂတ်လုပ်ငန်းစဉ် ဖြစ်သည့် အေအာရ်အက်ဖ်မျှော်မှန်းချက်စာတမ်းအား အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဟနွိုင်းလုပ်ငန်း စီမံချက် အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုများအပေါ် အားရကျေနပ်ကြောင်း၊ ယင်းဦးစားပေးနယ်ပယ် များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည် ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် သံတမန် နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်းကို အားပေးမြှင့်တင်နိုင်မည်ဖြစ်ပြီး အေအာရ်အက်ဖ်ကို အားလုံး ငြိမ်းချမ်းစေပြီး ပိုမိုဦးစီး ဦးဆောင်ပြုနိုင်သည့်ဖိုရမ် ဖြစ်လာစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၆ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌ အဖြစ် ဗွီဒီယိုကွန်ဖရင့်စ်မှတစ်ဆင့်ပြုလုပ်ခဲ့သည့် (၁၄)ကြိမ်မြောက် အေအာရ်အက်ဖ် ကျွမ်းကျင်သူများ အစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကို အစည်းအဝေးသို့ အသိပေးပြောကြားခဲ့သည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အရေးပေါ် အခြေအနေကြေညာခဲ့ရသည့် အကြောင်းရင်း၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ ဩဂုတ် ၄ ရက်က အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများက အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို ကြိုဆိုကြရာ၌ ၎င်းတို့၏ ပံ့ပိုးမှုများသည် အာဆီယံတူညီဆန္ဒ(၅) ချက်နှင့် မြန်မာနိုင်ငံမှချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တို့ကို အထောက်အကူဖြစ်စေရန် အလေးပေး ပြောကြားခဲ့ပြီး ယင်းထက်ကျော်လွန်ဆောင်ရွက်မှုများသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံတို့အတွက် အကူအညီဖြစ်မည်မဟုတ်ကြောင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှု (meaningful political dialogue) ဆောင်ရွက်ရန်ကိစ္စတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများကျူးလွန်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တရားမဝင်အသင်းအဖွဲ့များ မပါ(မပါ) ဝင်သင့်ကြောင်း ထောက်ပြ ပြောဆိုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက NUG နှင့် CRPH ကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများထံမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့များရယူထားသည့် People Defense Force (PDF) မှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်နေခြင်းကို အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သက်၍ အာဆီယံ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက် များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင် စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုကို အလေးထားပြောကြား လိုကြောင်းနှင့် အာဆီယံဒေသဆိုင်ရာ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်း ပြောကြားစေလိုကြောင်း မေတ္တာရပ်ခံခဲ့သည်။
အဆိုပါ (၂၈)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


