ရန်ကုန် ဩဂုတ် ၇

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့ နံနက် ၈ နာရီတွင် တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာအုပ်စု၊ ဘုရားကြီးစု ကျေးရွာ၊ ဒလရေသန့်စင်စက်ရုံတည်ဆောက်ရေး လုပ်ငန်းနေရာသို့ရောက်ရှိရာ အင်ဂျင်နီယာဌာန (ရေပေးဝေရေး နှင့်သန့်ရှင်းမှု) ဌာနမှူး ဦးမြင့်ဇော်သန်းက ဘုရားကြီးအနီး မြေဧရိယာ (၁၉ ဒသမ ၈၄) ဧက တွင် တွံတေး တူးမြောင်းမှ ရေကိုရယူမည့်ရေယူ အဆောက်အအုံ၊ သဲရေစစ်ကန်၊ ရေစုကန်၊ ရေသန့်စင်စက်ရုံများ တည်ဆောက်ရန်အတွက် မြေသားလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊တွံတေး-ဒလ ကားလမ်းမှ ဘုရားကြီးထိ အရှည် ပေ (၉၅၀၀)  မြေသားလမ်းတိုးချဲ့ ခြင်းနှင့် ကွန်ကရိလမ်း ခင်းကျင်းနေမှုလုပ်ငန်းများအားရှင်း လင်းတင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။

 

ယင်းနောက် မြို့တော်ဝန် နှင့် အဖွဲ့သည် ရန်ကုန်ပေါက်ကျေးရွာအနီး ရန်ကုန်ပေါက် ရေပေး ဝေရေးစခန်း အတွင်း ရေတွန်းစက်ရုံ၊ရေစုကန်၊အဝီစိတွင်း ၊ ရေချိုတွင်းများ၊ ဝန်ထမ်း လိုင်းခန်းနှင့် Nano Filter ဖြင့် ရေသန့်စင်မှုစနစ် စမ်းသပ်တပ်ဆင် သုတေသနဆောင်ရွက်ရန် အဆောက်အဦ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ တွံတေး-ဒလ ကားလမ်းမပေါ်ရှိ တာကြီးကျေးရွာအနီး မြေဧရိယာ (၂ ဒသမ ၂) ဧကတွင် ရေပေးဝေရေး ဇုန် (၁၀) ၏  ရေဂါလန် (၃)သန်းဆန့် ရေစုကန် တည်ဆောက်ရေး စီမံကိန်းမြေသားလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် စျေးများနှင့် ကုန်စည်ပွဲရုံများ စီမံခန့်ခွဲရေးဌာန ကမာကဆစ်စျေးတွင် ပြည်သူလုထုအတွင်း ကိုဗစ်ရောဂါ ကင်းစင်‌စေရေးအတွက် လူသွားလူလာထူထပ်သည့် နေရာများတွင် ချိတ်ဆွဲအသိပညာပေး ဗီနိုင်း ပိုစတာများနှင့်  နှာခေါင်းစည်း (Mask)များကို တောင်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဒလမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ပြီး ကုန်စျေးနှုန်းအခြေအနေနှင့် ရောင်းဝယ်ဖောက်ကား နေမှုကိုလည်းကောင်း ၊ ဒလရေပေးဝေရေးလုပ်ငန်းအတွက် ဒလ-တွံတေးလမ်း တလျှောက် 630 mm HDPE Pipe ဆက်သွယ်ခြင်းလုပ်ငန်း ကိုလည်းကောင်း၊  ဒလမြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံကာ စည်ပင်ဝန်ထမ်းများအနေဖြင့် မြေပြင်လုပ်ငန်းများ ဆောင်ရွက်နေရခြင်းကြောင့် ကျန်းမာရေးနှင့် လုံခြုံရေးအား ဂရုစိုက်ဆောင်ရွက် ကြရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)