မယ်စဲ့ ဩဂုတ် ၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား Mobile အဖွဲ့ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့က မယ်ဆည်နမ်ကျေးရွာနှင့် ပန်တိန်းကျေးရွာတို့ရှိ သတ်မှတ်ထားသည့် စုရပ်တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံနိုင်မှု လွှမ်းခြုံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးအောင်ခိုင်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများပါဝင်သော Mobile အဖွဲ့ဖြင့် မယ်ဆည်နမ်ကျေးရွာနှင့် ပန်တိန်းကျေးရွာတို့ရှိ စုရပ်များ၌ အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကာကွယ်ဆေးထိုးနှံလိုသူ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွား ၂၇ ဦး၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ၁၄ ဦး၊ ဘာသာရေးဆိုင်ရာ ၇ ဦး၊ စေတနာ့ဝန်ထမ်း ၉ ဦး၊ ဈေးဆိုင်/ ကုန်စုံဆိုင်များ ၃၉ ဦး၊ စုစုပေါင်း ၉၆ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး နည်းလမ်းများ အတိုင်း ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းသည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အဓိက အရေးပါသောလုပ်ငန်းဖြစ်ရာ မြို့နယ်အတွင်းရှိ ဦးတည်အုပ်စုများအားလုံးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သန်းထံမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


