မုဒုံ ဩဂုတ် ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်မှုမရှိဘဲ နေအိမ်ပြင်ပထွက်သူများအား ရှောင်တခင်စစ်ဆေး အရေးယူမှုများကို ယနေ့ နံနက် ၉ နာရီခွဲက စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရေးအတွက် မြို့နယ်တွင်း လူစည်ကားသည့်နေရာများ၊ လမ်းဆုံ/ လမ်းခွများတွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်သွားလာမှုမရှိသူများကို ရှောင်တခင်စစ်ဆေး ကာ လိုက်နာခြင်းမရှိသူများအား ဒဏ်ရိုက်အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်သွားလာခြင်းမရှိသူ ယနေ့ထိ (၁၈၅)ဦးအား အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ဩဂုတ် ၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ (၇၃၁)ဦးနှင့် သေဆုံးသူ (၃၁)ဦး ထိရှိလာခဲ့ပြီးဖြစ်၍ ယခုကဲ့သို့ စစ်ဆေးအရေးယူခြင်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


