ဂန့်ဂေါ ဩဂုတ် ၈
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယနေ့နံနက် ၉ နာရီမှစ၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမ၌ ဆဌမနေ့အဖြစ် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း နှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ဦးစားပေးအနေဖြင့် အသက် ၆၅ နှစ်နှင့် အထက် ဘိုးဘွားများကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့်ရဟန်းသံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတစေတနာ့ ဝန်ထမ်းများနှင့် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်ပြီး ဂန့်ဂေါမြို့နယ်အတွက် ဆေးအလုံးရေ ၁၀၅၀ လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူးနှစ်ဦး ထိုးနှံနိုင်သောကြောင့် လူဦးရေ ၂၁၀၀ အား ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ပထမနေ့တွင် လာရောက်ထိုးနှံသူ ၂၄၀ ဦး၊ ဒုတိယနေ့တွင် လာရောက်ထိုးနှံသူ ၃၂၀ ဦး၊ တတိယနေ့တွင် လာရောက်ထိုးနှံသူ ၆၂၄ ဦး၊ စတုတ္ထနေ့တွင် လာရောက်ထိုးနှံသူ ၅၀၂ ဦးနှင့် ပဉ္စမနေ့တွင် လာရောက် ထိုးနှံသူ ၂၀၀ စုစုပေါင်း ၁၈၈၆ ဦး ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထင်အောင်နိုင်


