မိုင်းယောင်း ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသုံးဦးသည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေးကောင်းမွန်လာ၍ ဩဂုတ် ၈ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလအတွင်း ကိုဗစ်-၁၉ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၇ ဦး တွေ့ရှိခဲ့ပြီး ဆေးကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၁ ဦး ရှိလာကာ လက်ရှိတွင် ယာယီဆေးကုသဆောင်၌ ဆေးဝါးအစုံဖြင့် ကုသမှုခံယူနေသူ ခြောက်ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရသူသုံးဦးသည် အမှတ်(၃)ရပ်ကွက်၌ နေထိုင်သူများဖြစ်ကြပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များက အသင်းပိုင်မော်တော်ယာဉ် ဖြင့် အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
ဆေးရုံဆင်းခွင့်ရသူများသည် မိမိတို့၏ နေအိမ်အသီးသီး၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ Home Quarantine ကို သတ်မှတ် ရက်ပြည့်မီအောင် ဆက်လက်နေထိုင်ကြရမည် ဖြစ်ကြောင်း သိရသည်။
အားချာ


