စစ်ကိုင်း ဩဂုတ် ၈

 

စစ်ကိုင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့်သံဃာတော်၊ သီလရှင်များနှင့် ဝန်ထမ်းမိသားစုများကို ဩဂုတ် ၉ ရက်နှင့် ၁၀ရက်များတွင် အုပ်စုသုံးစုခွဲ၍ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်းသိရသည်။

 

" အသက်(၆၅)နှစနဲ့ အထက်၊ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ရပ်ကွက်နေပြည်သူ ဘိုးဘွား တွေကို ဩဂုတ် ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။ အခု ကာကွယ်ဆေးထိုးရန် ကျန်ရှိနေတဲ့ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ ဝန်ထမ်းမိသားစု ၂၀၀၀ ကျော်ကို ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမှာပါ။ သီတဂူအာယုဒါနဆေးရုံကြီး၊ ပါရမီရပ်ကွက်ရှိ မဟာ စည်းခုံကြီးဘုရားသာသနာ့ဗိမာန်တော်အတွင်း၊ မြို့တော်ခန်းမတွေမှာ သက်ဆိုင်ရာကျန်မာရေး ဝန်ထမ်းများက အုပ်စုခွဲပြီး တစ်ပြိုင်တည်း ထိုးနှံပေးသွားမှာပါ" ဟု ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

 

ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်ရှိနေသည့် သံဃာတော်များ သီလရှင်များနှင့် ရပ်ကွက်နေ ပြည်သူများအနေဖြင့် အဆိုပါ နေ့ရက်များတွင် သက်ဆိုင်ရာနေရာအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံသွားကြပါရန် အသိပေးနှိုးဆော်ထားလျှက်ရှိကြောင်းလည်း သိရသည်။

 

ဇော်မြင့်နိုင်

 

ခရိုင်(ပြန်/ဆက်)