နေပြည်တော် ဩဂုတ် ၉
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၇ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ နယ်စပ်ဂိတ်မှ အမျိုးသား ၁၅၅ ဦး၊ အမျိုးသမီး ၁၃၄ ဦး စုစုပေါင်း ၂၈၉ ဦး တို့ကို လက်ခံခဲ့သည်။
ထိုသို့လက်ခံရရာတွင် သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ်၁၉ ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့် အထောက်အထား စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက စီစဉ်ဆောင်ရွက်ပေးသည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ၎င်းတို့နေရပ်အသီးသီးသို့ လိုက်လံပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


