ရိခေါဒါရ် ဩဂုတ် ၉
ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ ရိဒ်ရေကန်သန့်ရှင်း သာယာလှပရေးအတွက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအနေဖြင့် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ရိခေါဒါရ်မြို့ စည်ပင်သာယာရေးဌာန တာဝန်ခံ ဦးနိုင်းခေါဂေက ပြောသည်။
“လုပ်ငန်းတွေကတော့ မတ်လလဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့တယ်။ အခုရက်ပိုင်းအတွင်းမှာပဲ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ပါတယ်”ဟု ဦးနိုင်းခေါဂေက ပြောသည်။
ကျပ်သိန်း ၅၀၀ ကုန်ကျ ရိဒ်ရေကန်ဆိုင်းဘုတ်စိုက်ထူခြင်း၊ ရေကန်ပတ်လမ်း၌ ပန်းအလှခုံများပြုလုပ်ခြင်း၊ ရေကန်ပတ်လမ်း ပြုပြင်ခြင်းနှင့် ရေကန်လမ်းရှိ လိုအပ်သည့်နေရာများ၌ ရေကျော်ပြွန်ငယ်များ ပြုလုပ်ရန်အတွက် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ချင်းပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ရန်ပုံငွေကျပ်သိန်း ၅၀၀ ဖြင့် အကုန်ကျခံ ဆောင်ရွက်နေခြင်းဖြစ်သည်။
ရိဒ်ရေကန်ကို လည်ပတ်ရန်ရောက်လာတဲ့ ခရီးသွားပြည်သူတွေအပန်းဖြေနိုင်အောင်၊ ရိဒ်ရေကန် ကန်ပတ်လမ်းမှာ ၁၂ ရာသီလုံးကို လမ်းလျှောက်သွားလို့ရအောင်နဲ့ ပြည်သူတွေ အပန်းဖြေကြည့်ရှုလို့ရအောင် ပန်းအလှပင်တွေရော စိုက်ပျိုးဆောင်ရွက် တာပါ”ဟု ဦးနိုင်းခေါဂေက ပြောသည်။
ရိဒ်ရေကန်တွင် ပြည်တွင်းပြည်ပမှ ခရီးသွား ပြည်သူများ လေ့လာရေး၊ ပျော်ပွဲရွှင်ပွဲ၊ အပန်းဖြေခရီးတို့ဖြင့် မိသားစုအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်း၊ ကျောင်း၊ တက္ကသိုလ်အဖွဲ့လိုက်ဖြင့် သော်လည်းကောင်း၊ ခရီးသွားလုပ်ငန်း၏စီစဉ်မှုဖြင့် သော်လည်းကောင်း နှစ်စဉ်နှင့်အမျှ လာရောက်လည်ပတ်သူ ပိုမိုများပြားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်း-လူလေး
ဓာတ်ပုံ-ရိခေါဒါရ်(ပြန်/ဆက်)


