တိုကျို ဩဂုတ် ၉
တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို ယနေ့ အောင်မြင်စွာ ကျင်းပသည်။
(၃၂)ကြိမ်မြောက် အိုလံပစ် အားကစားပြိုင်ပွဲ၏ အားကစားပွဲစဉ်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ ၁၇ ရက်ကြာ ကျင်းပခဲ့ပြီးနောက် ပိတ်ပွဲအခမ်းအနားကို ယနေ့ ဒေသစံတော်ချိန် ည ၈ နာရီတွင် အမျိုးသားအားကစားကွင်း၌ ကျင်းပခြင်းဖြစ်သည်။
တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲ၏ ပွဲစဉ်တစ်ခုဖြစ်သည့် အမျိုးသား မာရသွန်အပြေးပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဆပ်ပိုရိုမြို့၌ ကျင်းပသည်။ ထို့ပြင် အမျိုးသမီးဘတ်စကက်ဘော နောက်ဆုံးပွဲစဉ်အဖြစ် အမေရိကန်နှင့် ဂျပန်အမျိုးသမီးအသင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန် အမျိုးသမီးအသင်းက အနိုင်ရရှိပြီး ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် ဂျပန်ဘတ်စကက်ဘော အမျိုးသမီးအသင်းသည် နောက်ဆုံးပွဲစဉ်သို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်သည့် အသင်းဖြစ်လာပြီး အမေရိကန် အမျိုးသမီးအသင်းသည် အိုလံပစ် အားကစားပြိုင်ပွဲများတွင် ခုနစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ချန်ပီယံဆုရှင် ဖြစ်လာခဲ့သည်။
ထို့ပြင် စက်ဘီးစီးပြိုင်ပွဲနှင့် ကျွမ်းဘား ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့သည်။
တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ကွိုင်ကီယူရီကိုက ပါရီမြို့တော် အုပ်ချုပ်ရေးမှူး အန်နီဟီဒယ်လ်ဂိုအား အိုလံပစ်အားကစားပြိုင်ပွဲအလံကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ၂၀၂၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ ရလဒ်စာရင်းတွင် အမေရိကန်နိုင်ငံက ရွှေတံဆိပ် ၃၉ ခု၊ ငွေတံဆိပ် ၄၁ ခုနှင့် ကြေးတံဆိပ် ၃၃ ခု စုစုပေါင်း ၁၁၃ ခုဖြင့် ဆုတံဆိပ်အများဆုံးရရှိကာ ပထမအဆင့်တွင် ရပ်တည်လျက်ရှိပြီး တရုတ်နှင့် ဂျပန်နိုင်ငံတို့က ဒုတိယနှင့် တတိယအဆင့်တို့တွင် ရပ်တည်လျက်ရှိသည်။

တရုတ်အားကစားသမားများက ရွှေတံဆိပ် ၃၈ ခု၊ ငွေတံဆိပ် ၃၂ ခုနှင့် ကြေးတံဆိပ် ၁၈ ခု စုစုပေါင်း ၈၈ ခုရရှိ ခဲ့ပြီး အိမ်ရှင်ဂျပန်အသင်းက ရွှေတံဆိပ် ၂၇ ခု၊ ငွေတံဆိပ် ၁၄ ခုနှင့် ကြေးတံဆိပ် ၁၇ခုဖြင့် စုစုပေါင်း ၅၈ခုဆွတ်ခူးရရှိသည်။ ဂျပန်အသင်းသည် ယခင်အိုလံပစ် အားကစားပြိုင်ပွဲကထက် ရွှေတံဆိပ် ၁၁ ခု ပိုမိုရရှိခဲ့သည်။
အခြားသော အာရှအသင်းများအနက် တရုတ်(တိုင်ပေ)အသင်းသည် ရွှေတံဆိပ် နှစ်ခုအပါအဝင် ဆုတံဆိပ်ပေါင်း ၁၂ ခုရရှိ ပြီး ဖိလစ်ပိုင်အသင်းက ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုနှင့် ကြေးတံဆိပ်တစ်ခု စုစုပေါင်း ဆုတံဆိပ် လေးခုရရှိခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် အမျိုးသမီး ၅၅ ကီလိုတန်းအလေးမပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါအသင်းသည် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ပထမဆုံးအကြိမ် ရွှေတံဆိပ် ဆွတ်ခူးရရှိ ခြင်းဖြစ်သည်။ ဂျပန်အသင်းသည် ဂျူဒိုနှင့် အလေးမပြိုင်ပွဲများတွင် ရွှေတံဆိပ် ကိုးခုရရှိခဲ့ပြီး ယခုနှစ် တိုကျိုအားကစား ပြိုင်ပွဲတွင် အသစ်ထပ်မံထည့်သွင်းသည့် အားကစားအမျိုးအစားများအပြင် စကိတ်စီးပြိုင်ပွဲနှင့် ကရာတေး ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာ ရရှိခဲ့သည်။
အားကစားပြိုင်ပွဲစီစဉ်ဆောင်ရွက် သူများက ယခုလနှောင်းပိုင်းတွင် ဖွင့်လှစ်မည့် ပါရာလံပစ်အားကစား ပြိုင်ပွဲကိုလည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အောင်ကျော်ကျော်